ကြာဆေးနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အကြောင်းအရာတွေ
ကြာဆေးဆိုတာ ယနေ့ခေတ် အမျိုးသားတွေအတွက်တော့ သိပ်ပြီး အစိမ်းသက်သက် မဖြစ်လောက်မဲ့ ဆေးတစ်မျိုးပါပဲ။ မသိသေးတဲ့ ယောက်ျားလေးတွေတောင် ဘော်ဒါတွေ၊ အဖော်တွေရဲ့ တိုက်တွန်းမှုနဲ့ စမ်းသောက်ကြည့်ရာကနေ အာနိသင်ကို ကြိုက်နှစ်သက်လို့ စွဲသောက်နေကြတဲ့သူတွေလည်း အများကြီးပါပဲ။ ဒီတော့ ကြာဆေးဆိုတာ ဘာလဲ၊ သူ့ရဲ့ အာနိသင်နဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြပေးချင်ပါတယ်။
ကြာဆေးဆိုတာ ဘာလဲ။
အသက် ၄၀ နောက်ပိုင်း ပန်းသေပန်းညှိုးရောဂါရှိတဲ့ အမျိုးသားများကို ကုသပေးတဲ့ ဆေးဖြစ်ပါတယ်။ အဓိက လိင်အင်္ဂါအတွင်း သွေးစီးဆင်းနှုန်းကို မြန်စေလို့ ထောင်မတ်နိုင်စွမ်းကို မြင့်မားစေသလို ထောင်မတ်ချိန်ကိုလည်း ကြာစေပါတယ်။ တပ်ထွက်ညီအစ်ကိုများအတွက် သုက်လွှတ်ရန် အချိန်နှေးစေပါတယ်။ ဆေးအမျိုးအစားပေါ် မူတည်ပြီး ဆေးစသောက်ပြီး မိနစ်အနည်းငယ်မှ နာရီပိုင်းအတွင်း အာနိသင်ပြလာတတ်ပါတယ်။
• ယခုခေတ်မှာ ကြာဆေးတွေကို အလွယ်တကူသောက်လို့ ရနေပြီလား။
နီးစပ်ရာ ဆေးဆိုင်များနဲ့ စတိုးဆိုင်တွေမှာ ကြာဆေးများကို ဆေးစာမပါဘဲ အလွယ်တကူ ဝယ်ယူပြီး သောက်လို့ ရနေပါပြီ။ အရင်အချိန်တုန်းကတော့ ကြာဆေးကို ဆရာဝန်ဆေးစာမပါဘဲ ဝယ်လို့ မရသလို အသက်ငယ်သေးတဲ့ အမျိုးသားတွေကိုလည်း ကြာဆေးညွှန်ပေးတာမျိုး မရှိပါဘူး။
ကြာဆေးက အမျိုးသားတိုင်း သောက်လို့ရသလား။
တခြားရောဂါအထွေအထူး မရှိရင်တော့ ကြာဆေးသောက်လည်း သိပ်ပြဿနာမရှိပါဘူး။ အာရုံကြောအားနည်းသူတွေ၊ သွေးတိုး၊ နှလုံးနဲ့ ဆီးချိုရောဂါရှိသူတွေဆိုရင်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးတော့မှ သောက်တာ အကောင်းဆုံးပါပဲ။ ကြာဆေးကို ရွေးချယ်တဲ့အခါ အားအနည်းဆုံး 50mg လောက်ကိုသာ သောက်သင့်သလို နည်းနိုင်သလောက် နည်းနည်းပဲ သောက်တာ အကောင်းဆုံးပါပဲ။
ကြာဆေးက စွဲသွားတတ်လား။
ကြာဆေးကို စွဲသွားတယ်ဆိုတာထက် ကြာဆေးသောက်လို့ နောက်ဆက်တွဲဖြစ်လာတဲ့ အာနိသင်နဲ့ အကျိုးရလဒ်ကို စွဲလမ်းသွားတာဖြစ်လို့ တချို့အမျိုးသားတွေဟာ လိင်ဆက်ဆံတိုင်း ကြာဆေးမသောက်ဘဲ ထိုးသွင်းဆက်ဆံခြင်း မပြုနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ လူတိုင်းတော့ မဟုတ်ပါဘူး။ တစ်ခုသိထားရမှာက ကြာဆေးဟာ တစ်ပွဲထိုးဆေးသာ ဖြစ်ပြီး အဓိက ကိုယ့်ရဲ့ လိင်တံမထောင်မတ်နိုင်ခြင်း၊ သုက်လွှတ်မြန်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းကို ကုသပေးတဲ့ ဆေးတော့ လုံးဝမဟုတ်ပါဘူး။
ကြာဆေးမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေရှိလား။
အထက်မှာ ပြောခဲ့သလိုပဲ အာရုံကြောအားနည်းသူ၊ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါရှိသူတွေဆိုရင် ခေါင်းမူးခေါင်းကိုက်ဖြစ်ပြီး အစာမစားနိုင်တာ၊ အော့အန်တာ၊ ရင်တုန်ပြီး နှလုံးခုန်နှုန်း မြန်တဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ သာမန်အမျိုးသားတွေအတွက် ကိုယ်လက်ကိုက်ခဲနာကျင်တာ၊ နှာစေးနှာပိတ်ခြင်း၊ အသားအရေ နီမြန်းလာတဲ့လက္ခဏာတွေ တွေ့ရတတ်ပြီး နောက်ဆုံး တွေ့ရှိချက်များအရ အမြင်အာရုံထိခိုက်တဲ့ လက္ခဏာတွေပါ တွေ့လာရတတ်တယ်လို့ ဆိုထားပါတယ်။
အနည်းငယ်စိုးရိမ်သင့်တာကတော့ ၄နာရီနဲ့အထက် လိင်တံထောင်မတ်နေပြီး လုံးဝပြန်မကျတော့တာ၊ အကြားအာရုံ၊ အမြင်အာရုံ ဆိုးဆိုးရွားရွား ထိခိုက်မိတဲ့ လက္ခဏာတွေ ဖြစ်လာရင်တော့ ဆေးရုံမှာ အရေးပေါ်ကုသမှု အမြန်ဆုံး ခံယူသင့်ပါတယ်။
တတ်နိုင်သလောက် ကြာဆေးကို ရေရှည်မှီဝဲတာမျိုးထက် ကိုယ့်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကို ဘယ်လိုအရာတွေက အဟန့်အတားဖြစ်စေနေလဲဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကုသပေးတာက သင့်အတွက် ပိုပြီး အကျိုးကျေးဇူးရှိစေနိုင်တယ်လို့ အကြံပေးလိုက်ချင်ပါတယ်။
ရေးသားသူ - ရဲမျိုးမြတ်